ရန်ကုန် အောက်တိုဘာ ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှည်းကူးခရိုင် ဦးစီးမှူးရုံးသို့ရောက်ရှိကြပြီး ခရိုင်ဦးစီးမှူးရုံး၌ e-ID စနစ်ဖြင့် Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လှည်းကူးခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက လှည်းကူးခရိုင်အတွင်းရှိ ဝန်ထမ်းအင်အားစာရင်း၊ ပန်းခင်းစီမံချက်များ ဆောင်ရွက်ပြီးစီးမှု၊ e-ID Server တွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုနှင့် ဆက်လက်ကောက်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် လက်ရှိဦးစားပေးလုပ်ငန်းများဖြစ်သည့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီ ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်း၊ မဲစာရင်းတိကျမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း စသည့်လုပ်ငန်းများကို ဒေသအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ်အတည်ပြုကာ တိကျမှန်ကန်သည့် မဲစာရင်းပြုစုဆောင်ရွက်သွားမည့်အခြေအနေ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်