နေပြည်တော် အောက်တိုဘာ ၃၁
တီထွင်မှု မူပိုင်ခွင့် တရားဝင်စတင်လက်ခံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ယနေ့ခေတ်သည် နည်းပညာများနှင့် ယှဉ်ပြိုင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ်(Global Market)ကို ကျင့်သုံးလာမှုကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ကဏ္ဍအသီးသီးတွင် ပိုမိုအရေးပါလာကြောင်း၊ မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမည်ဖြစ်ကြောင်း။
တရားဝင်စတင်လက်ခံ
မိမိတို့နိုင်ငံအနေဖြင့် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် တည်ထောင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများသည် ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး အဆိုပါဥပဒေများအတွက် မူပိုင်ခွင့်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေသည် ၂၀၂၄ ခုနှစ် မေ ၃၁ ရက်တွင် အာဏာတည်ခဲ့ပြီး ယနေ့တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ တီထွင်မှုလျှောက်ထားချက်များကို တရားဝင်စတင်လက်ခံပြီဖြစ်ရာ မူပိုင်ခွင့်ဥပဒေလေးခုလုံးကို ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တီထွင်မှုများကို အကာအကွယ်ပေးလာနိုင်ခြင်းအားဖြင့် နည်းပညာလွှဲပြောင်းရေးကို မြှင့်တင်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ တိုးမြှင့်နိုင်ခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ဝင်ငွေရရှိမှုတိုးတက်နိုင်ခြင်း၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင်ခြင်းနှင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင်များက လူကိုယ်တိုင်တက်ရောက်ကြပြီး မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သက်ဆိုင်ရာ အသင်းများမှ တာဝန်ရှိသူများ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများမှ ကိုယ်စားလှယ်များနှင့်စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များမှ အရာထမ်းကိုယ်စားလှယ်များက Virtual စနစ်ဖြင့် တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်