နေပြည်တော် အောက်တိုဘာ ၃၁
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီက စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာနိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(Permanent Residence System-PR System) ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်(PR)ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစားလေးမျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၈၁၀ ရှိပြီး မိသားစုအပါအဝင် ၆၉၉ ဦးအား စိစစ်အတည်ပြုခွင့်ပြုပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိနေသူများနှင့် ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးက စိစစ်ခွင့်ပြုသူများအနက် ယခုလူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူ မိသားစုမပါ စုစုပေါင်း ၃၃ ဦးအား PR နည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်မေးမြန်း အကဲဖြတ်ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်း တွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည် များ၊ ပြဋ္ဌာန်းထားသည့် PR နည်း ဥပဒေအပေါ် သိရှိနားလည်လိုက်နာ ဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ် အတည်ပြုဆုံးဖြတ်ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ ၃၃ ဦးနှင့် ပြီးခဲ့သည့် အစည်းအဝေးမှ မိသားစုမပါ ၃၇ ဦး စုစုပေါင်း ၇၀ အနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ ၃၃ ဦးအား လူတွေ့ မေးမြန်း အကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်