Skip to main content

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း တိုင်ဖွန်းမုန်တိုင်း (ရာဂိ) ဒဏ်ကြောင့် ရေဘေးသင့်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာလ ၃၀

ရှမ်းပြည်နယ်အတွင်း တိုင်ဖွန်းမုန်တိုင်း (ရာဂိ) ဒဏ်ကြောင့် ရေဘေးသင့်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဌာန/ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ဌာန/ အဖွဲ့အစည်းများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေလယ်စာကို အတူတကွသုံးဆောင်ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်ဖွန်းမုန်တိုင်း (ရာဂိ) ဒဏ်ကြောင့် ရေဘေးသင့်ခဲ့သည့် မြို့နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ရေဘေးဖြစ်ပွားခဲ့သည့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်စသည့် မြို့နယ် (၈) မြို့နယ်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။