Skip to main content

ပြင်ဦးလွင်မြို့၊ ဒိုးကွင်ရပ်ကွက်ကြီး ၁၈ တွင် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဒိုးကွင်ရပ်ကွက်ကြီး ၁၈ တွင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အတင်းအဓမ္မစုဆောင်းနေပြီး ပြည်သူ့စစ်မှုထမ်းမတက်ရောက်လိုပါက လူငယ် ၁ ဦးလျှင် သိန်း ၈၀ ကျပ် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စတင်အာဏာတည်သည့်နေ့မှစ၍ အများပြည်သူ သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အသိပညာပေးဆွေးနွေးခြင်းများ လုပ်ဆောင်ခြင်း၊ နိုင်ငံပိုင်မီဒီယာများတွင်လည်း တရားမဝင်ပြည်ဖျက်မီဒီယာများ၏ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ သိရှိစေရန် ဖော်ပြလျက်ရှိကြောင်း သတင်းရရှိသည်။