Skip to main content

ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ်ပန်းအင်္ဂတေလက်ရာများ လာရောက်ကြည့်ရှုလေ့လာနိုင်

မင်းဘူး အောက်တိုဘာ ၂၉

စကုမြို့ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ မပျက်မယွင်းတည်ရှိနေသော ရှေးခေတ်အုတ်အင်္ဂတေနှင့် ပြုလုပ်ထားသော ပန်းအင်္ဂတေဗိသုကာလက်ရာများမှာ လွန်စွာပြောင်မြောက်လှသောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး စကုမြို့ မင်းဘူး-စကုကားလမ်းဘေးရှိ သုံးထပ်ရုပ်စုံကျောင်းဝင်းအတွင်းတည်ရှိပြီး အသင်္ခယာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့သောကြောင့် အသင်္ခယာကျောင်းဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော်မူခဲ့သောကြောင့် ပထမတိုက်အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်ကြသည်။

အဆိုပါအုတ်ကျောင်းကြီးသည် အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေနှင့် အမြင့် ၆ ပေ ၈ လက်မရှိ၍ အတွင်းဘက် လိုဏ်ခေါင်းပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ ရှိသည်။

ယခုအခါ ကျောင်းကြီးအား ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ စကုမြို့ အသင်္ခယာကျောင်း၏ အင်္ဂတေဖြင့် ပြုလုပ်ထားသော ခြူးပန်း၊ ခြူးနွယ်၊ ခြူးခက်များမှာ ထူးကဲစွာ လက်ရာပြောင်မြောက်လှသောကြောင့် အခြားအထင်ကရနေရာများဖြစ်သော ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်းရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီးကျောင်းများနည်းတူ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စရာနေရာတစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)