Skip to main content

ထားဝယ်ထောင်တွင် အကျဉ်းသားတစ်ဦး လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံးဟု မဟုတ်မမှန် လုပ်ကြံရေးသား

နေပြည်တော် အောက်တိုဘာ ၂၉

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံးခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၂၁ ရက်က မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် ထားဝယ်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာ ရှိကြောင်း၊ အကျဉ်းသား ရဲအောင်သည် အဖျားရောဂါနှင့် ယာဘက်ကိုယ်တစ်ခြမ်း လေဖြတ်ကာ လမ်းမလျှောက်နိုင်ခြင်းရောဂါ ခံစားနေရသဖြင့် ဇူလိုင် ၄ ရက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ပြန်လည်သက်သာလာသဖြင့် ဇူလိုင် ၉ ရက်တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း။

ဆေးရုံဆင်းခွင့်ပြုပြီးနောက် ဆရာဝန်ချိန်းဆိုသည့်ရက်များတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ စုစုပေါင်း သုံးကြိမ် နေ့ချင်းပြန်ဆေးရုံပြပေးခဲ့ကြောင်း၊ အကျဉ်းထောင် သူနာပြုများကလည်း အကျဉ်းသား ရဲအောင်အား အနီးကပ်ကြပ်မတ်ကုသပေးခဲ့ကြောင်း၊ ထိုသို့အနီးကပ်ကြပ်မတ်ကုသပေးခဲ့သော်လည်း ရောဂါသက်သာခြင်းမရှိသဖြင့် စက်တင်ဘာ ၂၇ ရက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ဒုတိယအကြိမ် တင်ပို့ကုသပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ပေးခြင်း၊ ဦးခေါင်းကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan- Head) များ ဆောင်ရွက်ခဲ့ရာ “ဦးနှောက်တွင် အကျိတ်တည်ခြင်းရောဂါ” ခံစားနေရသည်ကို တွေ့ရှိခဲ့ပါကြောင်း။

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ၂၁ ရက်ကြာ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ပြန်လည်သက်သာလာခြင်းမရှိဘဲ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် ဦးနှောက်၌ အကျိတ်တည်ခြင်းကြောင့် ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်းရောဂါကြောင့် သေဆုံးသွားခဲ့ခြင်းသာဖြစ်သည်။

ထို့ပြင် အကျဉ်းသားရဲအောင်အား ဆေးရုံတင်ပို့ကုသထားပေးသည့်ကာလအတွင်း မိသားစုဝင်များသည် လာရောက်ခြင်းမရှိသဖြင့် ဆေးဝါးကုန်ကျစရိတ်အား အကျဉ်းထောင်အစီအစဉ်ဖြင့် ကုသပေးခဲ့ပါကြောင်း၊ သေဆုံးသည့်သတင်းအား အကျဉ်းသား၏ မိသားစုများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး အကျဉ်းထောင်မှ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။

သစ္စာ