Skip to main content

ဟားခါးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အကြမ်းဖက်သမားများသည် ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်းရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ နေထိုင်သည့် လူနေရပ်ကွက်၊ ကျေးရွာများကို လက်နက်ကြီးများ၊ Drop Bomb များဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် အကြမ်းဖက်မှုကိုမလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများ ခိုအောင်းနေသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားအချို့ ထိခိုက်ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့အကြမ်းဖက်သမားများက အထိအခိုက်အကျအဆုံးများပြားလာပြီး ပြည်သူလူထု၏ ထောက်ခံအားပေးမှုလည်း ကျဆင်းလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ ဖြစ်စဉ်လွဲမှားသော မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်