Skip to main content

မဟာအောင်မြေနှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ ၂၅ ရက် ည ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ် ဟေမမာလာ (မြောက်) ရပ်ကွက် လမ်း ၈၀၊ ၃၆ x ၃၇ လမ်းကြားတွင် မသင်္ကာဖွယ်တွေ့ရှိသူ မအိအိမျိုး (ခ) နန်းအိတ်မြတ်အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ်တွင် ၎င်းတည်းခိုနေထိုင်သည့် မဟာအောင်မြေမြို့နယ် ဟေမမာလာ (မြောက်) ရပ်ကွက် လမ်း ၈၀၊ ၃၆ x ၃၇ လမ်းကြားရှိ ဟိုတယ်အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၉၂၄ ကီလိုနှင့် အက်တက်စီဆေးပြား ၄၅ ပြားတို့ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ဟွေရဲကျေးရွာအနီးတွင် လော်ဂါမောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်း ကျောက်ရပ်ကွက်တွင် စိုင်းခမ်းပန် မောင်းနှင်လာသည့် Daihatsu Hijet ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှစိတ်ပြောင်းဆေးဝါး Happy Water သုံးကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

သတင်းစဉ်