နေပြည်တော် အောက်တိုဘာ ၂၈
အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၆၂) ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ် (၃၀) အခြေခံပညာမူလတန်းကျောင်းအနီး၌ အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၇၈) ရပ်ကွက်နေ ဖိုးလပြည့် (၂၉) နှစ် (ဘ) ဦးသက်တိုးနှင့် အမှတ် (၉၄) ရပ်ကွက်နေ ပိုင်မင်းထက် (၂၀) နှစ် (ဘ) ဦးတင်ဝင်းတို့နှစ်ဦးအား မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ဆေးကုသပေးနိုင်ရေး အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀) သို့ပို့ဆောင်၍ ထိန်းသိမ်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ယင်းနေ့နံနက် ၄ နာရီခွဲတွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း (ခ) ကရင်တို့သည် ငွေစိုး (၄၀) နှစ်မောင်းနှင်သည့် Toyota Corolla အမျိုးအစား YGN AA-4000 နံပါတ်ပါအဖြူရောင်အငှားယာဉ်ဖြင့် အမှတ် (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲရန်သွားရောက်စဉ် အဆိုပါရုံးအနီးအရောက်၌ ယာဉ်ပေါ်တွင်သယ်ဆောင်လာသည့် လက်လုပ်မိုင်းမှာပေါက်ကွဲခဲ့သဖြင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း (ခ) ကရင်မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကာ ယာဉ်မောင်းဖြစ်သူ ငွေစိုးမှ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်းနှင်ကာ အမှတ် (၃၀) အခြေခံပညာ မူလတန်းကျောင်းအနီး အရောက်၌ ယာဉ်ပေါ်မှချထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်မောင်း ငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ငွေစိုးအား ၎င်းမောင်းနှင်သည့် အဖြူရောင်အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံသုံးဦးအနက် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့မှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး တရားခံ ငွေစိုးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ တရားခံ အောင်နိုင်ထွန်း (ခ) ကရင်အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။