Skip to main content

ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာကို အောက်တိုဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ရဲပဒိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာအကြား နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရဲပဒိုင်းကျေးရွာအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကာ ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအနီးတွင် တိုက်ပွဲများဖော်ဆောင်ပြီး ၎င်းတို့ ထွက်ပြေးလွတ်မြောက်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ပြည်သူများ၏နေအိမ်များအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီးနေသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။