နေပြည်တော် အောက်တိုဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ကြသည့် အုပ်ချုပ်သူဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ကပြဖျော်ဖြေတင်ဆက်မှုများ၊ သတင်းထုတ်လွှင့်မှုများ၊ စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းစာတိုက်များနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။
ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအားလုံးအတွက် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှုအခြေအနေ တိုးမြှင့်လာစေရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ဂုဏ်ပြုနိုင်ရန်၊ ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထု အသိပညာများမြှင့်တင်ရေး စည်းရုံးနှိုးဆော်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်အဖြစ် UNESCO က ဦးဆောင်၍ ၂၀၁၂ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းတွင် ကျင်းပလာခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်