နေပြည်တော် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ အင်းဝဘဏ်လီမိတက်၏ စိန်ရတုဘဏ်ခွဲဖြစ်သော ဘဏ်ခွဲ (၇၅) ဘဏ်မြောက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘဏ်ခွဲပရဝဏ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့တော်ဝန်နှင့် အင်းဝဘဏ်လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အင်းဝဘဏ်လီမိတက်၊ ပြည်ကြီးတံခွန်ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဘဏ်ခွဲ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွှေးနံ့သာရည် များဖြင့်ပက်ဖျန်းပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ် လီမိတက်၊ ပြည်ကြီးတံခွန်ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၇၅) ဘဏ်မြောက်ဘဏ်ခွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၇၈ လမ်း (ရန်ကုန်-မန္တလေး ကားလမ်း) ၁၁၅ လမ်းနှင့် ၁၁၇ လမ်းကြား ကျွဲဆည်ကန်ရပ်တွင်တည်ရှိကာ အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
အင်းဝဘဏ် လီမိတက်အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်း များအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြားအလိုက် မူတည်၍ ၁၁ ရာခိုင်နှုန်းအထိ အတိုးနှုန်းများပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီးလုပ်ကိုင်လိုသူများအတွက် ချေးငွေများထုတ်ချေးပေးလျက်ရှိကာ ယခုဖွင့်လှစ်သည့် ပြည်ကြီးတံခွန်ဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၇၅) ဘဏ်မြောက် စိန်ရတုဘဏ်ခွဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်