နေပြည်တော် အောက်တိုဘာ ၂၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. H.E. Phongxaysack INTHALATH နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ Saysetha Development Zone ရှိ Best Garment (Laos) စက်ရုံနှင့် Honor Home (Laos) Sole Limited စက်ရုံများသို့သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တွေ့ဆုံအားပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် စက်ရုံများအတွင်း လှည့်လည်ကြည့်ရှု၍ မြန်မာအလုပ်သမားများနှင့်တွေ့ဆုံကာ အလုပ်သမားများ အနေဖြင့် ရောက်ရှိသည့်နိုင်ငံ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် ထုတ်ပြန်ထားသည့် ဥပဒေများ၊ ဒေသန္တရစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်ကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေပါ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းမှာကြားကာ အလုပ်သမားများအား သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်