နေပြည်တော် အောက်တိုဘာ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) သို့ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မှ ဆရာ ဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းမှ ဝန်ထမ်းများအတွက် ဆန်နှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ သင်တန်းကျောင်းမှ ထူးချွန်သူ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ သင်တန်းကျောင်းများမှ ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်းပေးအပ်သည်။
ထို့နောက် တောင်ကြီးမြို့ အေးသာယာရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (တောင်ကြီး) ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်နေမှု အခြေအနေများကိုလည်းကောင်း၊ ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၂၁၃ အိမ်၊ လူဦးရေ ၅၅၈၈ ဦးနှင့် စိုက်ပျိုးမြေဧက ၁၃၀၀ ကျော် တို့ကို အကျိုးပြုပေးနိုင်မည့် ကလောမြို့နယ်၊ ဟဲဟိုး-ဘော်ဆိုင်းလမ်းမကြီးမှ တောင်မြေခြား-မြောက်မြေ ခြားကျေးရွာဆက်သွယ်ထားသောလမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ရှင်းလင်းမှာကြားသည်။
ယင်းနောက် ကလောမြို့နယ် တင်ကြီးကြပ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်း ဆောင်၌ ကျေးရွာရေပေးရေးကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလောမြို့နယ်အတွင်းရှိ ကျောက်ဆောင် ဘီလူးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ညောင်ပင်သာ၊ သာယာစု၊ ကျောင်းနောက်၊ ကန်ထောင့်စသည့်ကျေးရွာလေးရွာအတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှကျေးရွာသို့ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ပင်းတယမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌတို့က ပင်းတယမြို့နယ်အတွင်း နေကြာစိုက် သမဝါယမအသင်း ၁၀ သင်း၊ အသင်းသားတောင်သူ ၂၈၂ ဦးတို့ ၏ စိုက်ပျိုးမြေဧက ၁၆၀၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစုဓာတ်မြေဩဇာများ၊ ရုရှားသဘာဝရွက်ဖျန်းဆေးရည်များကို အသင်းသား တောင်သူများထံသို့လည်းကောင်း၊ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပင်းတယမြို့နယ် ပွေးလှကျေးရွာ (ဟော်ကုန်း) နှင့် ရှောက်ပင်ကျေးရွာတို့အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ တို့ကို ကျေးရွာကော်မတီဝင်များထံသို့လည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာရှိ “မြကျောက်” Natural Green Tea လက်ဖက်ခြောက် ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်