Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၄

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စု အလယ်ရွာကျေးရွာနှင့် ရှမ်းရွာကျေးရွာတို့၌ ရေတိုက်စားမှုများကြောင့် ကျေးရွာတွင်းလမ်းများ ပျက်စီးနေမှုများ၊ ကျေးရွာချင်းဆက်လမ်းများပျက်စီးခြင်း၊ လမ်းပခုံးများ ရေတိုက်စားပျက်စီးမှု အခြေအနေများနှင့် ကျေးရွာအတွင်းပုဂ္ဂလိကပိုင်စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လတ်တလောလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ကျေးရွာချင်းဆက်လမ်း၊ တံတားပျက်စီးမှုများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးသွားရန်၊ ကျေးရွာနေပြည်သူများ သောက်သုံးရေများရရှိရေး လိုအပ်သည်များ အမြန်ဆုံးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အလယ်ရွာကျေးရွာနှင့် ရှမ်းရွာကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက် ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ အလယ်ရွာကျေးရွာရှိ အိမ်ထောင်စု ၁၀၀၊ ရှမ်းရွာကျေးရွာရှိ အိမ်ထောင်စု ၁၂၀ တို့တွက် အိမ်ထောင်စုတစ်စုလျှင် ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်ကာ ပုဂ္ဂလိကစက်ရေတွင်းများ တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ဝဲကြီးကျေးရွာသို့သွားရောက်ပြီး ဆင်သေချောင်းရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာတွင်းလမ်းများနှင့် စိုက်ပျိုးသီးနှံများ ချောင်းရေတိုက်စားပျက်စီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရေး လုပ်ငန်းများအား ဦးစားပေးအလိုက် အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်