နေပြည်တော် စက်တင်ဘာ ၂၄
ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွေး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား အပြီးသတ်စိစစ်လေ့လာဆွေးနွေးကြပြီး ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) တွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့်အချက် များတွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်