Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲတက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် China Southern Airlines လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သီလဝါအထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ယဉ်ကျေးမှုအဖွဲ့နှင့် ပြခန်းပြသမည့် တာဝန်ခံလုပ်ငန်းရှင်များ လိုက်ပါသွားကြသည်။

မြန်မာနိုင်ငံအနေဖြင့် ပြခန်း ၈၄ ခန်း ပြသမည်

အဆိုပါ ကုန်စည်ပြပွဲကို ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုအကျိုးကျေးဇူးရရှိရန်၊ တရုတ် - အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ ၃.၀ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်နှင့် တရုတ် -  အာဆီယံဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲတွင် ဆန်စပါးကဏ္ဍ၊ အာရေဗီကာကော်ဖီ (Arabica Coffee) ကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်