တောင်ငူ စက်တင်ဘာ ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ဂုဏ်ပြုငွေများပေးအပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့နှင့်အတူ ရေတာရှည်မြို့နယ် ပိတောက်စမ်းကျေးရွာ၌ ရေပြန်လည်ကျဆင်းသွားသည့် အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းများ ရေပြန်လည်ကျဆင်းပါက ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းပိတ်ရက်များတွင် ပြန်လည်အစားထိုးသင်ကြားနိုင်ရေးနှင့် ကျောင်းသုံးပရိဘောဂပျက်စီးမှုများ ပြင်ဆင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး ကျောင်းအုပ်ဆရာမကြီးနှင့် သန့်ရှင်းရေးပြုလုပ်နေသည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေများပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားပြီး ရေဘေးသင့်အိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၁၇၈ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဘိုးတော်ကုန်းဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်အားဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား ချက်ပြုတ်ကျွေးမွေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေး ဆောင်ရွက်
ယင်းနောက် ရန်ကုန်-မန္တလေးလမ်းဟောင်းရေတာရှည်-တောင်ငူလမ်းပိုင်း မိုင်(၁၆၂/၇) တောင်ငူမြို့အဝင်အထိ ကားလမ်းရေကျော်နေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေကျော်သည့်နေရာများတွင် အန္တရာယ်ရှိ သတိပေးဆိုင်းဘုတ်များ၊ ယာဉ်လမ်းကြောင်းပြ အမှတ်အသားများထားရှိရန်နှင့် ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ သာသနဟိတကာရီဗိမာန်၌ ဖွင့်လှစ်ထားသည် တောင်ငူခရိုင် ရေဘေးကွပ်ကဲမှုရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံခဲ့မှု၊ ထောက်ပံ့မှုနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တောင်ငူခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးက တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သော်လည်း စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် အလှူရှင်များမှ လာရောက်လှူဒါန်းမှုအပေါ် ကြိုဆိုသော်လည်း အစာအဆိပ်သင့်ခြင်းဆိုင်ရာနှင့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာမဖြစ်ပွားစေရေး သက်ဆိုင်ရာယာယီရေဘေးရှောင်စခန်း တာဝန်ခံဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် အစဉ်အမြဲကြုံတွေ့ရနိုင်သဖြင့် လူအသင့်၊ စက်ယာဉ်ယန္တရားအသင့်ရှိရန်နှင့် ဒေသခံပြည်သူများလည်း သဘာဝဘေးဆိုင်ရာအသိပညာများ တိုးပွားစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့သည့် ကျောင်းများ၊ ဆေးခန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်သကဲ့သို့ ရေဝင်ရောက်၍ ပိတ်ထားရသည့် ဌာနဆိုင်ရာရုံးများ ရုံးလုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အခြားရုံးများတွင် တွဲဖက်ဖွင့်လှစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောင်ငူဒေသတွင် သဘာဝဘေးဖြစ်ပွားမှုနှင့်ပတ်သက်၍ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် တောင်ငူခရိုင် ရေဘေးကွပ်ကဲမှုရုံးသို့ ဧရာဝတီဖောင်ဒေးရှင်းက လာရောက်လှူဒါန်းသည့် ဆန်အိတ် ၁၀၀၀ နှင့် ပွင့်ထူးစံကုမ္ပဏီကလှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ ကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဦးစိုင်းမွန်(မုန်းဝင်းမြန်မာ)မိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ပဲခူးနှင့် သနပ်ပင်မြို့နယ်ရှိ လုပ်ငန်းရှင်များက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၇၀ ကို တိုင်းမှူးကလည်းကောင်း လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့(၁၀)ရပ်ကွက်၊ အုတ်ကျွတ်(၁) မူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ ရေဘေးသင့်အိမ်ထောင်စု ၁၁၈ စု၊ လူဦးရေ ၄၁၃ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြေခံစားသုံးကုန်များ၊ ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေပြီး ယာယီရေဘေးရှောင်စခန်း၌ ချက်ပြုတ်ကျွေးမွေးနေမှုနှင့် သောက်သုံးရေသန့်စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံအားပေးစကားပြောကြား
ထို့အတူ တောင်ငူမြို့ အမှတ်(၁)ရပ်ကွက်၊ ရွှေဂူကြီးဘုရား၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေးသင့်အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၂၇၂ ဦးအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့် အခြေခံစားသုံးကုန်များ၊ ကလေးငယ်များအတွက် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေဘေးရှောင်စခန်းအလိုက် ချက်ပြုတ်ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်