Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံး၏ အကြီးအကဲ Mr. Vladimir Kazadaev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မကြာမီကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ရုရှားနိုင်ငံမှဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ Napalkov Cancer Center နှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတို့အကြား ကင်ဆာရောဂါဆေးကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီများမှ စက်မှုဝန်ကြီးဌာန BPI ဆေးဝါးစက်ရုံနှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆေးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်ရေးကိစ္စ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ရောဂါရှာဖွေရေးဓာတ်ခွဲ စမ်းသပ်မှုပစ္စည်းများ (Rapid Diagnostic Test kit) ဈေးနှုန်းချိုသာစွာဖြင့် ပြည်တွင်း၌ ဝယ်ယူရရှိ နိုင်ရေးကိစ္စ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာနိုင်ငံ FDA အသိအမှတ်ပြု မှတ်ပုံတင်ရရှိရေးကိစ္စနှင့် နှစ်နိုင်ငံဆေးကုသမှုလုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တာဝန်ရှိသူများတက်ရောက်

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်