နေပြည်တော် စက်တင်ဘာ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms.Nori- ko Takagi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် MoU သက်တမ်းထပ်မံတိုးမြှင့်နိုင်ရေး အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များနှင့် ပြည်ပမှတင်သွင်းသည့်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေ၊ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်