နေပြည်တော် စက်တင်ဘာ ၁၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင်ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။
ယခုကျင်းပပြုလုပ်မည့်ဆွေးနွေးပွဲသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံအဆင့်ကိုယ်စားလှယ်များ၊ မဲခေါင်မြစ်ဝှမ်းကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ခံများ၊ တရုတ်၊ ကိုရီးယား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံများမှ ရေစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ စုစုပေါင်း ၂၅၀ တက်ရောက်မည်ဖြစ်ပြီး မဲခေါင်ဒေသနှင့် အာဆီယံဒေသတွင်း ရေဖူလုံရေး၊ ပတ်ဝန်းကျင်သက်ရောက်မှုများအပေါ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များတွင် ထိရောက်သောမူဝါဒများ ဖော်ထုတ်နိုင်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်