Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ BRICS Media Summit သို့ တက်ရောက်

မော်စကို စက်တင်ဘာ ၁၅

BRICS Media Summit ကို စက်တင်ဘာ ၁၄ ရက်တွင် မော်စကိုမြို့ရှိ World Trade Centre (WTC) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားဖက်ဒ​ရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

နံနက် ၁၀ နာရီတွင် BRICS မီဒီယာဓာတ်ပုံပြပွဲ ဖွင့်ပွဲကျင်းပရာ ရုရှားသတင်းအေဂျင်စီ TASS ၏ အကြီးအကဲ Mr.Andrey Kondrashov နှင့် ရုရှားဖက်ဒ​ရေးရှင်းနိုင်ငံ ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး Mr.Sergei Ryabko တို့က အဖွင့်အမှာစကား​ပြောကြားကြပြီး ဓာတ်ပုံပြပွဲအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ BRICS Media Summit ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ရုရှားသတင်းအေဂျင်စီ TASS ၏ အကြီးအကဲ Mr. Andrey Kondrashov က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် BRICS Media Summit ကို ကျင်းပရာ ရုရှားသတင်းအေဂျင်စီ TASS ၏ ဒုတိယအကြီးအကဲ Mr . Mikhail Gusman က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov က ဗီဒီယိုမှတစ်ဆင့် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့​နောက် ရုရှားဖက်ဒ​ရေးရှင်းနိုင်ငံ ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး Mr.Sergei Ryabko၊ BRICS Media Forum ၏ အမှု​ဆောင်ဥက္ကဋ္ဌ ဆင်ဟွာသတင်းဌာနအကြီးအကဲ Mr. Fu Hua၊ ရုရှားနိုင်ငံ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ OIC မှ ကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကား​ပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် BRICS Media Summit ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒူးမားလွှတ်​တော် နိုင်ငံတကာ​ရေးရာဥက္ကဋ္ဌ Mr. Leonid Slutsky တို့က အမှာစကား ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ​​ဆွေး​နွေးပြောကြားရာတွင် မီဒီယာသည် အလွန်ဩဇာကြီးမားသည့်အလျောက် ယနေ့ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်လူနေမှုဘဝကိုပင် ပုံဖော်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးအပြင် သတင်းအချက်အလက်ရရှိရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်လာပါကြောင်း။

မီဒီယာသည် ကမ္ဘာ့တိုင်းပြည်များစွာ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်စုံတွင် ဝင်ဆံ့ပြီး ဩဇာလွှမ်းနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ မီဒီယာများ၏ ထိုးဖောက်ဝင်ရောက်ပျံ့နှံ့နိုင်မှုစွမ်းရည်ကြောင့် ကမ္ဘာ့နိုင်ငံများတွင် ရင်းနှီးကျွမ်းဝင်မှုများ တည်ဆောက်နိုင်သကဲ့သို့ သတင်းတု/ သတင်းမှားများ၏အန္တရာယ်ကြောင့် နိုင်ငံတည်ငြိမ်မှု ပျက်ပြားပြီး ဖွံ့ဖြိုးမှုနှောင့်နှေးနေရသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့မီဒီယာကဏ္ဍတွင် သမားရိုးကျမီဒီယာများ တည်ရှိနေသေးသော်လည်း နည်းပညာအလွန်အမင်းဖွံ့ဖြိုးတိုးတက်လာမှုအရ ခေတ်သစ်မီဒီယာ ထွန်းကားလာပြီး သတင်းသမားသာမက လူထုအားလုံးက လိုသလို သတင်းကို ပုံဖော်ရေးသားလာကြသည့်အတွက် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာဖြစ်လာခဲ့ပါကြောင်း။

သတင်းတု/သတင်းမှား တိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုးပမ်းနေ

သတင်းတု/ သတင်းမှားများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်လာနိုင်သည့်အန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သတင်းတု/ သတင်းမှား တိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုးပမ်းနေကြရခြင်းဖြစ်ပါကြောင်း။

BRICS Media Summit ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇) ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ယနေ့တွင် မိမိတို့ကမ္ဘာကြီး ပြောင်းလဲလာပြီး ဝင်ရိုးတန်းတစ်ခုတည်း ချုပ်ကိုင်သော ကမ္ဘာကြီးမဟုတ်တော့ဘဲ Multipolar ခေါ် ဝင်ရိုးစုံ မျှတစွာပုံဖော်နေသည့် ကမ္ဘာကြီးဖြစ်နေပြီဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် အုပ်စုတစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းက ကမ္ဘာ့ရေးရာတွေကို ပုံဖော်နေသည့်အဖြစ်မှ အုပ်စုများစွာ၊ နိုင်ငံများစွာက ပြောဆိုဆွေးနွေးခွင့်၊ ညှိနှိုင်းပုံဖော်ခွင့်များ ရရှိလာနေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်သွယ်မှုတွင် နောက်ဆုံးပေါ်နည်းပညာများကြောင့် ပေါ်ထွန်းလာသည့် New Media သည် နယ်နိမိတ်ဆိုင်ရာ အဟန့်အတားများကို ကျော်ဖြတ်ကာ စက္ကန့်ပိုင်းအတွင်း သတင်းစကားများကို ဖြန့်ဝေပေးနိုင်ပါကြောင်း။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်မည့် သတင်းစကားများ၊ နားလည်သဘောပေါက်မှုကို ဖန်တီးပေးမည့် အပြုသဘောဆောင်သော သတင်းပေးပို့ချက်များ ဖလှယ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုစသည့် သမားရိုးကျမဟုတ်သော စိန်ခေါ် မှုများကို ဖြေရှင်းရာတွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျခြင်းကြောင့် ဘက်စုံကဏ္ဍစုံ၌ လက်တွဲဖြေရှင်းကြရန်၊ အချင်းချင်းညီညွတ်စည်းလုံးကြရန် အရေးကြီးလာပြီဖြစ်ပါကြောင်း၊ တိုက်ကြီးအားလုံး၊ ဒေသအားလုံး အကျုံးဝင်လွှမ်းခြုံသည့် အလွှာစုံမှ နိုင်ငံတကာပြည်သူများ စုစည်းလာနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့၏အသံကို တစ်သံတည်းဖြစ်အောင် ကြိုးစားနေပြီး BRICS ၏ ရလဒ်တစ်ခုဖြစ်သော Innovation Diary ဆိုသည့် Internet Webpage တစ်ခုသည် ကမ္ဘာ့ဖွံ့ဖြိုးဆဲမိသားစုများ၏ အသံတစ်စုတစ်စည်းပေါ်ထွက်ရာ စင်္ကြံတစ်ခုအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း။

BRICS Media သည် နေရာစုံမှ ကမ္ဘာ့ပြည်သူများ ကြားနိုင်၊ မြင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေခြင်းဖြစ်

BRICS Media သည် ဖွံ့ဖြိုးဆဲတို့၏ အမှန်အကန်တိုးတက်ဖြစ်ထွန်းမှုများကို ကိုယ်စားပြု ဖွင့်ဟပေးပြီး နေရာစုံမှ ကမ္ဘာ့ပြည်သူများ ကြားနိုင်၊ မြင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ BRICS အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများစွာနှင့်အတူ လက်တွဲပူးပေါင်း ပြီး မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုလို သာတူညီမျှပြီး ဘက်လိုက်မှုမရှိသည့် အနာဂတ်ဆီကို အတူတူလမ်းဖောက်ကြပါစို့ဟု ပြောကြားသည်။

ဆက်လက်၍ ဝင်ရိုးစုံကမ္ဘာကြီးတွင် တည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် BRICS Media အသိုက်အဝန်း၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာဆိုင်ရာအကြီးအကဲများက ပါဝင်ဆွေးနွေးကြပြီး BRICS Media Summit ပထမ​နေ့ကို ရပ်နားလိုက်သည်။

ပြည်​ထောင်စုဝန်ကြီးသည် BRICS မီဒီယာဓာတ်ပုံပြပွဲနှင့် BRICS Media Summit တက်​ရောက်စဉ်ကာလအတွင်း ရုရှားနိုင်ငံမှ သတင်းဌာနကြီးများဖြစ်​သော IZVESTIA TV Channel , Channel 1 TV , Tass ရုပ်သံနှင့် သတင်းစာ၊ Russia Today , Svobodnaya ရုပ်သံနှင့် တရုတ်နိုင်ငံမှ CGTN သတင်းဌာနတို့နှင့် ​တွေ့ဆုံ ပြီး ရုရှား - မြန်မာ ချစ်ကြည်​ရေး၊ ရုရှား - မြန်မာ မီဒီယာပူး​ပေါင်း​ဆောင်ရွက်​ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ပကဓိဖြစ်ရပ်မှန်အ​ခြေအ​နေများ၊ BRICS အဖွဲ့ကြီး၏ အ​ရေးပါမှုအခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ ​ မေးမြန်းချက်များကို ​ဖြေကြားခဲ့သည်။

ည​နေပိုင်းတွင် The State Academic Boishoi Theater of Russia ၌ ကျင်းပသည့် ရုရှားသတင်းဌာန Tass ၏ နှစ် (၁၂၀) ​​မြောက် နှစ်ပတ်လည်​နေ့အထိမ်းအမှတ် ရုရှားရိုးရာ ယဉ်ကျေးမှုအနုပညာဖျော်​ဖြေတင်ဆက်ပွဲသို့ တက်ရောက်ကြည့်ရှုအား​ပေးကြသည်။

ယ​နေ့ ကျင်းပသည့် BRICS Media Summit သို့ အဖွဲ့ဝင်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ​ပေါင်း ၄၅ နိုင်ငံ​ကျော်၏ မီဒီယာဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် BRICS Media Summit ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အဖွဲ့ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် “ BRICS ၏မီဒီယာ : ကမ္ဘာသစ်တစ်ခုဆီသို့ နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းခြင်း” ခေါင်းစဉ်ဖြင့် ​စကားဝိုင်းဆွေး​နွေးပွဲကို ကျင်းပရာ BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာဆိုင်ရာအကြီးအကဲများ တက်​ရောက်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် BRICS Me-dia Summit ၏ ​သ​ဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်ပြီး ပိတ်ပွဲအခမ်းအနားကို ကျင်းပသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် BRICS Media Summit သို့ တက်​ရောက်လာကြသူများနှင့်အတူ Metorpol Hotel ၌ ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

သတင်းစဉ်