Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆင်သေချောင်း ရုတ်တရက်ရေလျှံသဖြင့် ပျက်စီးခဲ့သော လမ်း၊ တံတားများအား လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး အရေးပေါ်ပြန်လည်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ဖာလုံရှိ နဝင်းချောင်းတံတား (အဆုံတံတား)သို့ သွားရောက်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပျက်စီးသွားသည့် တံတားချဉ်းကပ်လမ်း ပြင်ဆင်ဆောင်ရွက်သည့်အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက အဆိုပါတံတားသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသဖြင့် ယာဉ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးပါသော တံတားတစ်စင်းဖြစ်သည့်အတွက် ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရန်အတွက် တံတားခံနိုင်ဝန်အားကို လုံလောက်စေရေး တွက်ချက်ဆောင်ရွက်ရန်၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်ရန်၊ မှတ်တမ်းများထားရှိရန်၊ အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြား၍ ယာယီဘေလီ တံတားထိုးခြင်းအတွက် သံပေါင်များတပ်ဆင်နေမှုနှင့် ချဉ်းကပ်လမ်းအပိုင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်းတံတား (ပုပ္ပားကုန်း)သို့ သွားရောက်၍ ပျက်စီးသွားသော တံတားထိပ်ခုံနှင့် လမ်းတာပေါင်နေရာကို ဘေလီတံတားထိုး၍ ယာယီပြင်ဆင်ဆောင်ရွက်ပြီးစီးသည့် အခြေအနေနှင့် အဆိုပါတံတားနှင့် ဆက်စပ်နေသော အခြားတံတားတစ်စင်းတို့အကြားရှိ လမ်းတာပေါင်ရေထိုးသဖြင့် ပျက်စီးနေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဆင်သေချောင်းတံတား (ပုပ္ပားကုန်း)နှင့် နီးကပ်လျက်ရှိသော တံတားတစ်စင်းတို့အကြားရှိ လမ်းတာပေါင်၏ ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးပြီးမှသာ အများပြည်သူ အသုံးပြုနိုင်ရေး ဖွင့်လှစ်ပေးရန်နှင့် ပြုပြင်ရန်လိုအပ်ပါက အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော လမ်းပေါ်ရှိ ဆင်သေချောင်းတံတား(သိုက်ချောင်း)၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းတို့သည် ရေတိုက်စားခြင်းကြောင့် ပျက်စီးနေသော နေရာများကို ယာယီဘေလီတံတားထိုးခြင်းဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိရာ အများပြည်သူများ လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်