Skip to main content

ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားကမ်းပြိုမှုကာကွယ်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ထိန်းသိမ်းရန် အစီအမံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ အရာထမ်း ဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြစ်ချောင်းများအတွင်း သဲနုန်းများ ပို့ချမှုများကြောင့် သဲသောင်များဖြစ်ထွန်းခြင်းသည် မြစ်ကြမ်းပြင်ကို မြင့်တက်စေကာ မြစ်ချောင်းများ တိမ်ကောမှု ပိုမိုဖြစ်လာစေသည့်အချက်များဖြစ်သော မြစ်ချောင်းများ၏အကျယ် ပိုမိုကျယ်ပြန့်လာခြင်း၊ ရေလမ်းကြောင်းများ ပိုမိုခွဲဖြာစီးဆင်းလာခြင်းစသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ကာ အကျိုးဆက်အနေဖြင့် ရေတိုက်စား ကမ်းပြိုကမ်းစားမှုများနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကို ဖြစ်ပေါ်လာစေကြောင်း။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် ဧရာဝတီမြစ်၏ မြစ်ရေလမ်းကြောင်း ပြောင်းလဲမှု၊ ရေတိုက်စားကမ်းပြိုမှုများ၏ အကျိုးဆက်ကိုခံစားရသည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေရှည်ထိန်းသိမ်းရေးအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပညာရှင်များကို ဖိတ်ကြားကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်ပျက်စီးမှုနည်းစေမည့် ရေလမ်းကြောင်းကောင်းမွန်ရေး အကောင်းဆုံးအစီအမံများကို ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရန် ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ တိုက်စားခံရမှုနှင့် ဆောင်ရွက်ထားမှု၊ ဟင်္သာတရေလမ်းကောင်းမွန်ရေး ဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များနှင့် ရေဘေးကာကွယ်ရေးဖြတ်တာများ တည်ဆောက်မှု၊ ရေတိုက်စားကမ်းပြိုမှုကြောင့် ထိခိုက်မှုများနှင့် မြေနေရာချထားမှုတို့ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေရှည်တွင် ထိခိုက်မှုအနည်းဆုံး ဆောင်ရွက်သင့်သည့်အစီအမံ (၃) ခုကို တင်ပြရာ ယင်းအစီအမံများအပေါ် ပညာရှင်များနှင့် တက်ရောက်လာကြသူများက အဖွဲ့များစုဖွဲ့၍ စားပွဲဝိုင်းဆွေးနွေးခြင်း၊ စံနှုန်းအမျိုးမျိုးဖြင့် ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့အလိုက် ဆွေးနွေးအကြံပြုကြသည်။

ပညာရှင်များနှင့် တက်ရောက်လာကြသူများ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များ၊ ဆန်းစစ်ချက်များအပေါ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အနှစ်ချုပ် သုံးသပ်တင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အကြံပြုသုံးသပ်ဆွေးနွေးသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမှ ညောင်တုန်းအထိ အလျား ၂၁၇၀ ကီလိုမီတာရှိပြီး ရေလမ်းပိုင်းများတွင် ၁၉၈၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း မြစ်ရေတိုက်စားမှုနှင့် မြစ်ကြောင်းပြောင်းလဲမှုများကို Satellite Images များအသုံးပြုပြီး လေ့လာတွေ့ရှိချက်များအရ ကမ်းပြိုမှုဖြစ်ပွားသည့် အလျား ကီလိုမီတာ ၇၀၀ ခန့်ရှိခဲ့ပြီး စိုက်ပျိုးမြေအပါအဝင် မြေဧက စုစုပေါင်း ၁၂၅၈၆၈ ဧကခန့် ဆုံးရှုံးသွားခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း သတင်းရရှိသည်။

သတင်းစဉ်