နေပြည်တော် စက်တင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန် ယာယီအစီအစဉ်ဖြင့် မိုးစပါးဧက ၁၅၀၀ ကျော်အား စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ရေလှောင်ကန်၏ ယာယီရေတားတမံတောင့်တင်းခိုင်မာရေး အထူးဂရုစိုက်ရန်၊ ပင်မရေပိုလွှဲပြုပြင်ခြင်းနှင့် အကူရေပိုလွှဲတည်ဆောက်ရန်အတွက် ဒီဇိုင်းပုံစံများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ရေလှောင်ကန်တာပေါင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ချက်ပြည့်မီသည့် မြေအမျိုးအစားဖြင့် စနစ်တကျဖို့ကြိတ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တမံအတွင်းရေသိုလှောင်ထားရှိမှုအခြေအနေ၊ ပင်မရေပိုလွှဲကြံ့ခိုင်မှု၊ ရေတံခါးတပ်ရေပိုလွှဲမှ ရေတံခါးများ အဖွင့်အပိတ်၊ အတင်အချ စမ်းသပ်ဆောင်ရွက်နေမှု၊ သဲထုတ်ရေတံခါးကြံ့ခိုင်မှုနှင့် အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်နိုင်မည့် အကူရေပိုလွှဲ (Fuse Plug) ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စမုံရေထိန်းတမံနှင့် ဆက်စပ်အဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တူးမြောင်းများ အဆင့်မြှင့်တင်ပြီး စိုက်ဧကတိုးချဲ့ ရေပေးဝေနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးရန်၊ လက်ဝဲမြောင်းမှ ရေကိုအသုံးပြု၍ ကုန်းမြင့်ပိုင်းစိုက်ဧကများကို ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ရန်၊ မိုးရာသီရေဘေးကြိုတင် ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းပြီး အလှည့်ကျစနစ်ဖြင့် အမြဲမပြတ်ကြည့်ရှုစစ်ဆေးရန်၊ ရေဝင်ရောက်မှုအပေါ်မူတည်၍ သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံများ ပြန်လည်ရေးဆွဲခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယခုဖြစ်ပေါ်နေသော ရာဂါဆာတိုင်ဖွန်းမုန်တိုင်း အခြေအနေများအရ ရေဝင်ရောက်မှုအပေါ်မူတည်၍ တမံအတွင်းရေများအား ရေတံခါးများဖြင့် ထိန်းညှိဆောင်ရွက်လျက်ရှိပြီး ရာသီဥတုကောင်းမွန်ပါက တမံအတွင်းရေပိုမိုသိုလှောင်ထားရှိပြီး ရာသီအလိုက် စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်