Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာသင်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အမျိုးသားစီမံကိန်းဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများဖြစ်သည့် ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် သင်တန်းထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ချီးမြှင့်ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးညိုစောနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသား ကျောင်းသားမိဘများ၊ သင်တန်းထူးချွန်ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိုက်တန်သည့်ဆုများရရှိခဲ့

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုရရှိကြသူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝမှုတို့ကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတမြင့်မားပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း။

ကြိုးစားအားထုတ်

ထို့ပြင် နိုင်ငံတော်က ဖွင့်လှစ်သည့် သင်တန်းအသီးသီးတွင် တက်ရောက်ပြီး ထူးချွန်ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများကို လည်း ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သည့် “လူငယ်များ၏အား” ဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် လူငယ်များကို အစဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းပညာရေးသာမက နည်းပညာခေတ်ဖြစ်သည့်အတွက် သုတေသနအခြေပြု လေ့လာမှုများမှတစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံဖွံ့ဖြိုးလာစေရေး ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း။

ယနေ့ခေတ်မှာ လူမှုကွန်ရက်နှင့် မီဒီယာများအသုံးပြုမှုများပြားလာသည်နှင့်အညီ သတင်းတုသတင်းမှားများကို အသိ၊ သတိ၊ ဉာဏ်ပညာဖြင့်ဆင်ခြင်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ အနာဂတ်ကိုဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကိုလည်း အထူးသတိပြုရှောင်ကြဉ် ကြရန်နှင့် ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားကြစေလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ဒီထက်မက ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ၊ ထူးချွန်သည့်ဝန်ထမ်း ကောင်းများအပြင် နိုင်ငံတော်ကကျင်းပသည့် ပြိုင်ပွဲများတွင်လည်း စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထူးချွန် ဆုများရရှိအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ငါးဘာသာဂုဏ်ထူးရှင်သုံးဦးနှင့် လေးဘာသာဂုဏ်ထူးရှင် လေးဦးတို့ကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက သုံးဘာသာဂုဏ်ထူးရှင် ခြောက်ဦးတို့ကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ကျေးဇူးတင်စကားပြန်လည်ပြောကြား

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ သုံးထပ်ကွမ်းလူရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားနှင့်ထူးချွန်ဝန်ထမ်းများအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ချီးမြှင့်ငွေများကိုလည်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ထူးချွန်ဆုရကျောင်းသား ကျောင်သူများ၊ ကျောင်းသားမိဘများနှင့် ဝန်ထမ်းများ ကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်