Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဇလွန်မြို့နယ် အဗျဉ်းလယ်ဦးကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးဆောင်ရွက်ပေးမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများထောက်ပံ့ပေးမှု၊ အသေးစား တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့်မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နှင့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ တို့ကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာပိုင်မြေပေါ်၌ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ပိတောက်၊ ရေတမာ၊ ကျွန်း စသည့်နှစ်ရှည်ပင်များ စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဆင-ဆုံကုန်း-ထန်းပင်ကန် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောလျင်စွာပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး၊ လမ်းရေရှည်ကောင်းမွန်စေရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်္ဂပူမြို့ မြို့နယ်ခန်းမ၌ ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးမည့်တောင်သူများ၊ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်နေမှု၊ ဆီထွက်သီးနှံ စိုက်ပျိုးသူများကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိမှု၊ အရည်အသွေးမီမျိုးများရရှိရေး ဆောင်ရွက်ပေးမည့်အစီအမံများ၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများပေးနေမှု၊ ချေးငွေများအား သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ စသည့် မြို့နယ်သုံးမြို့နယ်ရှိ သမဝါယမအသင်း ၃၆ သင်း ၏ စိုက်ဧက ၁၄၁၁ ဧကအတွက် ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးထုတ်လုပ်ရန် အရင်းမပျောက်မတည်ငွေများကို အသင်းသားတောင်သူများထံ လွှဲပြောင်းပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် အုတ်ဖိုကျေးရွာသို့ရောက်ရှိပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ သင်တန်းသူ ၂၀ ကို ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံစက်ချုပ်နည်းပညာသင်တန်းသင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါသင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်