နေပြည်တော် ဇူလိုင် ၂၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထူးချွန်ဆုရရှိကြသူများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာ ရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့်သူများဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတမြင့်မားပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုများပြားသည့် ယနေ့ကမ္ဘာကြီးတွင် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစားလေ့လာသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဆုရရှိသူတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၃၁ ဦး၊ ဝန်ကြီးဌာနအဆင့်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၂၃ ဦး၊ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြုဆုများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများသည် ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်သွေးငယ်များအား ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် ဝန်ထမ်းမိဘများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်