နေပြည်တော် ဇူလိုင် ၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီက တျန်းချီ (Dianchi) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာရှိ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးမှုတွင် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အေးအတူ ပူအမျှအသိုက်အဝန်းဖော်ဆောင်ရေးကိစ္စ၊ အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်ခရီးစဉ်များ ပိုမိုပြုလုပ်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်မည့် စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကိစ္စ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆက်လက်ကူညီသွားရေးကိစ္စ၊ မြန်မာ − တရုတ် နယ်စပ်ဒေသတစ်လျှောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပုံမှန်ပြန်လည် ပြုလုပ်သွားရေးကိစ္စတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟိုင်းကန်းဥယျာဉ် ဟိုတယ် (Haigeng Garden Hotel) ၌ တရုတ်ပြည်သူ့ကွန်ဂရက် ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် ဦးဆောင်သည့် ယူနန်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မစ္စတာ ဝမ်ယွိပေါ်က မြန်မာကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်