Skip to main content

အောင်လံမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

အောင်လံ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်စိုးမိုးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အောင်လံပညာရေးအသင်း၊ Book Club အသင်းဒုဥက္ကဋ္ဌ ဆရာကြီး ဦးသန်းထွန်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အောင်လံပညာရေးအသင်း၊ Book Club အသင်းဥက္ကဋ္ဌ ဆရာကြီး ဦးတင်ဝင်း (တင်ဝင်းမောင် အောင်လံ)က စာပေအလင်းရောင် ဘဝမီးရှူးတန်ဆောင် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကလေးငယ်များအား ကဗျာများရွတ်ဖတ်ကြားစေခြင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များပြသခြင်းနှင့် ကျောင်းစာကြည့်တိုက်အတွင်း စာပေဖတ်မှတ်လေ့လာနေသော ကျောင်းသား/သူများအား စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)