Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

(၁၆-၇-၂၀၂၄)၊ ည (၈:၀၀)နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၆-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၆-၇-၂၀၂၄) ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ(၉၂)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် (၁၆-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၇၀၅) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန