အယ်ဒီတာ့ထံပေးစာ
အယ်ဒီတာခင်ဗျား-
ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စစ်သားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် မျက်စိစမ်းသပ်တဲ့ ဆေးဘုတ်မှာကျခဲ့လို့ စစ်သားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဟိုးငယ်စဉ် စစ်တိုက်တမ်း ဆော့ကစားတဲ့အရွယ်ကတည်းက စစ်သားဖြစ်ချင်ခဲ့တာပါ။ အိမ်နားမှာ စစ်သားတွေ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ရောက်လာတိုင်း သူတို့စစ်ဝတ်စုံတွေ ဝတ်ကြည့်၊ စစ်လက်နက်တွေ ကိုင်ကြည့်နဲ့ သိပ်အားကျမိပါတယ်။
ကိုယ်တိုင် စစ်သားမဖြစ်ခဲ့ပေမယ့် စစ်သားတွေကိုတွေ့တိုင်း အားကျတဲ့အကြည့်၊ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်စွမ်းတဲ့သူတွေအဖြစ် အထင်ကြီးတဲ့အကြည့်တွေနဲ့ ကြည့်ခဲ့ပါတယ်။ စစ်ကြောင်းတွေနဲ့တွေ့ရင်၊ လုံခြုံရေးလုပ်နေတဲ့ စစ်သားတွေနဲ့တွေ့ရင် တတ်နိုင်သမျှလည်း ဆေးလိပ်ကအစ ကော်ဖီမစ်ထုပ်တွေအလယ် စားစရာ၊ သောက်စရာတွေ ဝေမျှပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ပြည်ပနိုင်ငံကြီးတွေ၊ ပြည်ပမီဒီယာတွေ၊ ပြည်တွင်းမှာ စိမ့်ဝင်ထိုးဖောက်ရောက်နေတဲ့ ပြည်ပနိုင်ငံက သူလျှိုဒလန်တွေ၊ ပြည်တွင်းက ဒေါ်လာစား အလိုတော်ရိတွေက ကျွန်တော်တို့ငယ်စဉ်ကတည်းက မြန်မာ့တပ်မတော်ကို အမျိုးမျိုး ပုံဖျက်နေခဲ့တာမို့ စိတ်မကောင်းစရာ သတင်းစကားတွေ နားယောင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ အချေအတင်ဖြစ်၊ စကားနိုင်လု ပြောနေဆိုနေရတာလည်း အကြိမ်ကြိမ် အခါခါပါပဲ။ စစ်ဘေး၊ ရေဘေး၊ မီးဘေး၊ သဘာဝဘေးမှာ ဒုက္ခသုက္ခတွေကြုံပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ကူညီကယ်ဆယ်စောင့်ရှောက်မှုတွေ ကိုယ်တိုင်ကြုံရမှပဲ သူတို့တွေ အတော်များများလည်း နားလည်သဘောပေါက်လာပါတယ်။
အခုဆို မြို့ကြီးပြကြီးတွေမှာပါ သေနတ်သံ၊ ဗုံးသံတွေ မကြားဖူးသူမရှိ ကြားလာရပါပြီ။ တစ်ချက်တလေကြားရတဲ့ သေနတ်သံ၊ ဗုံးပေါက်ကွဲသံတောင် ဒီလောက် ကြောက်ရွံ့တုန်လှုပ်စရာကောင်းတာမို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တဲ့ သေနတ်သံတွေကြား၊ ဗုံးသံတွေကြား စစ်သားတိုင်းဟာ ပျော်မွေ့နေတာမဟုတ်ပေမယ့် ကိုယ်တိုင်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မို့ အသက်ကို ဖက်နဲ့ထုပ်ပြီး လုပ်နေကြရတယ်ဆိုတာ ကျွန်တော့်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို နှိုင်းယှဉ်ပြောပြမိပါတယ်။
လပိုင်းလောက် စစ်သင်တန်းတက်ထားတဲ့ PDF တွေနဲ့ စနစ်တကျ လေ့ကျင့်ထားတဲ့ တပ်မတော်သားတွေ အများကြီးကွာပါတယ်။ ခေါင်းဆောင်ပိုင်းလည်း အတူတူပါပဲ။ စစ်ကျောင်းကြီးတွေမှာတက်ပြီး အဆင့်ဆင့်ရာထူးရလာတဲ့ ခေါင်းဆောင်တွေဆိုတာ စာတွေ့ရော လက်တွေ့ပါ လေ့ကျင့်ခဲ့ကြ၊ ရင့်ကျက်တဲ့ အတွေ့အကြုံတွေရှိကြတာမို့ လက်နက်ကိုင် မိုက်ရူးရဲ EAOs ခေါင်းဆောင်တွေနဲ့အများကြီး ကွာခြားတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ သူတို့လတ်တလော အဆမတန်များပြားတဲ့ အင်အားကြောင့်၊ လတ်တလောတိုက်ချင် ခိုက်ချင်စိတ်ဖြစ်အောင် မူးယစ်ဆေးဝါးတွေ သုံးထားတာတွေကြောင့် သွေးကြွနေပေမယ့် သူတို့ကြောက်ရွံ့ထိတ်လန့်နေတာကို ရှေ့တန်းမှာတယ်လီဖုန်းနဲ့ ကိုယ်တိုင်ရိုက် တိုက်ပွဲအစစ်အမှန် ဗီဒီယိုတွေမှာ တွေ့မြင်သုံးသပ်ရပါတယ်။ သူတို့မကြာမီ လက်မြှောက်အရှုံးပေးလာမှာပါ။
သူတို့ထက်သာတာက သူတို့က သူပုန်မို့ရည်ရွယ်ချက်မရှိ သူတို့ခေါင်းဆောင်တွေအတွက် စစ်တိုက်တာဖြစ်ပေမယ့် တပ်မတော်သားတွေက နိုင်ငံရဲ့အချုပ်အခြာအာဏာအတွက်၊ ပြည်ထောင်စုမပြိုကွဲဖို့အတွက် တိုက်ပွဲဝင်နေသူတွေဖြစ်ပါတယ်။ စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ ပေါက်နေတာမဟုတ်ပါဘူး၊ ဂိမ်းကစားနည်းတစ်ခုလည်း မဟုတ်ပါဘူး။ တပ်မတော်သားတွေဟာ ပြည်သူလူထု စိတ်အေးချမ်းစွာ နေထိုင်ရစေဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေကို အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့၊ အေးချမ်းသာယာဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့အတွက် တိုက်ပွဲဝင်နေသူတွေမို့ သေရင်တောင် ငရဲမလားဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
တရားသောစစ်ပွဲ အောင်မြင်ပါစေ။
သပြေပန်းနဲ့လက်ကမ်းကြိုဆိုနေတဲ့ မိဘမောင်ဖားချစ်သူဇနီးမယား မိသားစုတွေရဲ့ရင်ခွင်ကို အောင်ပွဲနဲ့အတူ မကြာမီပြန်လည်ရောက်ရှိနိုင်ကြပါစေလို့ အယ်ဒီတာမှတစ်ဆင့် ရင်ဖွင့်ရေးသား အသိပေးလိုက်ရပါတယ်။
စစ်သားကိုချစ်တဲ့ စစ်သားဖြစ်ချင်ခဲ့တဲ့ မောင်ထွေး (ရန်ကုန်မြို့)