နေပြည်တော် ဇူလိုင် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာပေါင်း ၁၅၁ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း ၂၂၁ ရွာ၌ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျင်းပ
ယင်းစီမံကိန်းပါလုပ်ငန်းခုနစ်ခုအနက် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး လုပ်ငန်းတွင်ပါဝင်သည့် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာအုပ်စုအတွက် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကြောင်ရေကျေးရွာအုပ်စုအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာများမှ ရပ်မိရပ်ဖများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာအုပ်စု ကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြများက မိတ်ဆက်စကားပြောကြားကာ သင်တန်းများကို ဖွင့်လှစ်ပေးသည်။
အဆိုပါ ကျေးရွာများတွင် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသားငါးဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ကာ စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်