Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၅

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၁၃ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်ရုံမှူးက ခါးပြတ်မီးဖိုဖြင့် သံရည်ကျိုလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းသုံး ရေရရှိရေးအတွက် ရေသန့်စင်နေမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် စီမံကိန်းလုပ်ငန်းများအနက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပထမအဆင့်နှင့် ဒုတိယအဆင့် ရေတွန်းအလုပ်ရုံတို့၌ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရိုးလ်မက်နည်းစဉ်ဖြင့် ဆောင်ရွက်မည့် သံရည်ကျိုအလုပ်ရုံကို စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး လိုအပ်သောအထောက်အကူပြုပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်၊ ရိုးလ်မက်နည်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကြိုတင်လေ့လာထားရန်၊ လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ကိုင်တွယ်မောင်းနှင်ရမည့် စက်ပစ္စည်းများကို ကျေညက်အောင်လေ့လာထားရန်၊ ရန်ပုံငွေများကို အလေအလွင့်မရှိအောင်နှင့် အကျိုးရှိအောင်သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပထမအဆင့် ရေတွန်းအလုပ်ရုံ၊ ဒုတိယအဆင့်ရေတွန်းအလုပ်ရုံ၊ ကျောက်မီးသွေးပြုပြင်ရေး အလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံနှင့် ဂါလန် ၄၆ သိန်းဆံ့ ရေကန်တို့အား သန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ရေသန့်စင်အလုပ်ရုံ၌ ဘွိုင်လာအတွက် အသုံး‌ပြုမည့်ရေများ ထုတ်လုပ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်လည်ပတ်နိုင်ရေးအတွက် လိုအပ်သောအစီအစဉ်များ အချိန်မီပြီးစီးအောင်ရေးဆွဲရန်၊ သံရည်ကျို အလုပ်ရုံရှိကရိန်းများကို စမ်းသပ်မောင်းနှင်ရန်နှင့် သံရည်ကျိုမီးဖိုအတွင်း၌ မီးခံအုတ်များ တပ်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်