Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျေးရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ အရှေ့ ဖွားစောကျေးရွာသို့ သွားရောက်၍ ကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း အရှည် ၁ မိုင် ၂ ဒသမ ၃ ဖာလုံ၊ အကျယ် ၁၈ ပေကို ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အဆိုပါလမ်းပိုင်းတွင် ပေ ၅၂၄၀ မြေသား ၂ ပေထုတင်၍ ထပ်မံဆောင်ရွက်မည့်နေရာ၊ ရေကျော်ပေ ၅၀၊ ပေ ၈၀ နှင့် ပေ ၁၅၀ သုံးစင်း ဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အနောက်ဖွားစောကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအဝင် လမ်းအရှည် ၂ ဒသမ ၆၅ ဖာလုံ၊ အကျယ် ၁၈ ပေ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြင်းကပါခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးရွာတွင်းလမ်း ခုနစ်ဖာလုံ ဂျင်းကျောက်ခင်းကျင်းနေမှုကိုလည်းကောင်း၊ ဆက်လက် ဆောင်ရွက်မည့် ရွာတွင်းလမ်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာအတွက် ဆောင်ရွက်ပေးမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းများ၊ အခြားသောဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ခေတ်မီစံပြကျေးရွာ၏ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားရေးကဏ္ဍတွင် ပါဝင်သော ဧည့်လမ်းညွှန်/ ဧည့်လမ်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးနေမှုကို အားပေးကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းအရှည် ၁ မိုင် ၄ ဖာလုံ အနက် လေးဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ကုန်းတန်းကြီးကျေးရွာအထိ ဆက်လက်ဆောင်ရွက်မည့် လမ်းအရှည် ၁ မိုင် ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော ပုဂံမြို့သစ်မှ နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်း ၁ မိုင် ၄ ဖာလုံ ပြုပြင်ဖောက်လုပ်ပေးမည့်အခြေအနေ၊ ရေကျော်အမှတ် (၂) တည်ဆောက်မည့်နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လောကနန္ဒာဘုရားအား သွားရောက်ဖူးမြော်ပြီး ဘုရားပရိဝုဏ်အတွင်း မဉ္ဇူသကနတ်ပန်း ရောင်းချနေသော ဒေသခံများနှင့်တွေ့ဆုံ၍ အဆင့်မီထုတ်ကုန်ဖြစ်စေရန်၊ ထုပ်ပိုးကုန်များ သန့်ရှင်းသပ်ရပ်ကောင်းမွန်စေရန်၊ ယခုကဲ့သို့ ပန်းပွင့်ခြောက်ပြုလုပ်ရောင်းချခြင်းအပြင် မဉ္ဇူသကနတ်ပန်းမှ အလှဆီထုတ်လုပ်တတ်စေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချပေးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်