Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် လာအိုနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်

ဗီယန်ကျင်း ဇူလိုင် ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ- လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ဇူလိုင် ၁၀ ရက် ညပိုင်းတွင် ရောက်ရှိကြသည်။

ယနေ့နံနက်ပိုင်းတွင် လာအိုအမျိုးသားရုပ်မြင်သံကြားသို့ ရောက်ရှိပြီး Mr. Bounyaeng THAMMAVONG, Deputy Director General Broadcast and Channel Department နှင့် အဖွဲ့က လာအိုအမျိုးသားရုပ်မြင်သံကြားဆောင်ရွက်နေမှုများကို ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရုပ်မြင်သံကြားထုတ်လွှင့်ဆောင်ရွက်နေမှုများကို လေ့လာကြသည်။

မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုနှင့်အတူ လာအိုသိပ္ပံနှင့် နည်းပညာနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Academician Professor Bovieng-kham Vongdara နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဒေသတွင်း ရင်းနှီးချစ်ကြည်မှု ခိုင်မြဲစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ရုပ်မြင်သံကြားနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ကို ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း မြန်မာ့အသံနှင့် ပူးပေါင်းဆောင်ရွက်နေသော မြန်မာနိုင်ငံမှ Borderless Broadcast Co.,Ltd ၏ DTH စနစ် ထုတ်လွှင့်ရေးဆိုင်ရာများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဆက်သွယ်မှုခက်ခဲသော အခြေခံပြည်သူများအတွက် DTH Set Top Box နှင့် ဆိုလာဓာတ်အားပေးစနစ်အပါအဝင် ဆက်စပ်ပစ္စည်းများ လှူဒါန်းမည့်အစီအစဉ်အတွက် လာအိုနိုင်ငံတွင် အလားတူဆောင်ရွက်လျက်ရှိသော စီမံကိန်းကို လေ့လာဆွေးနွေးသွားမည်ဖြစ်သည်။

ဒုတိယဝန်ကြီးနှင့်အတူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

သတင်းစဉ်