နေပြည်တော် ဇူလိုင် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်ကိန်းအောင်းလာအောင် သင်ကြားပေးကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ရောက်ရှိပြီး အဆင့်မြင့်ပညာကဏ္ဍအရည်အသွေးအာမခံမှု (Quality Assurance) မြှင့်တင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပြည့်မီအောင်ဖြည့်ဆည်းရမည့် စံချိန်စံညွှန်း (Criteria) များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များသည် နိုင်ငံတကာတက္ကသိုလ်များထက် နောက်ကျမကျန်ရစ်စေရေးအတွက် အရည်အသွေးအာမခံမှု (Quality Assurance) လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီ (NAQAC) ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံတက္ကသိုလ်များ ကွန်ရက် (ASEAN University Network-AUN) ၏ အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီး AUN အသိအမှတ်ပြုမှုလက်မှတ် အမြန်ဆုံးရရှိအောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အာဆီယံတက္ကသိုလ်များကွန်ရက် အရည်အသွေးအာမခံမှု (AUN-QA) စနစ်ကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ လိုက်နာဆောင်ရွက်နေမှုအခြေအနေနှင့် ကျောင်းတွင်းအကဲဖြတ်မှုနှစ်ကြိမ် ဆောင်ရွက်ခဲ့မှုမှ ရရှိလာသောအကျိုးအမြတ်များနှင့် စိန်ခေါ်မှုများကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ရရှိထားသောအတွေ့အကြုံများကို တစ်နိုင်ငံလုံးရှိတက္ကသိုလ်များသို့ ဖြန့်ဝေလေ့ကျင့်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်အဆင့် (Institutional Level) ၊ ဘွဲ့ဒီဂရီသင်တန်းအဆင့် (Pro-gramme Level) အရည်အသွေးအာမခံမှုလမ်းညွှန်ချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုဖြန့်ဝေရေး၊ သက်ဆိုင်သူများကို လုံလောက်သောလေ့ကျင့်မှုများပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

 
 
  
  
  
  
 