နေပြည်တော် ဇူလိုင် ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ဌာနအလိုက် အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ခေါင်းဆောင်များ တက်ရောက်ကြသည်။
ယုံကြည်မှု လျော့ကျစေ
ဦးစွာ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဂတိလိုက်စားမှု များကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းတို့ ဖြစ်စေနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် လုပ်ငန်းတာဝန်များကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မျှတစွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ညွှန်ကြားချက်များနှင့်အညီ အဂတိလိုက်စားမှုများ တားဆီး ကာကွယ်ရေးအဖွဲ့(CPU)များကို ဖွဲ့စည်းထားရှိပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေး အတွက် တစ်တပ်တစ်အား စီမံ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
အလေးထားဆောင်ရွက်လျက်ရှိ
ယင်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရာတွင် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များနှင့် တွေ့ဆုံ၍ အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အတွေ့အကြုံအခက်အခဲများနှင့်ပတ်သက်ပြီး တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ အကြံပြုတင်ပြချက်များအပေါ် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်