Skip to main content

အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၅

နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ပို့ချခဲ့သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော်၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အဆင့်မြင့် သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် မေ ၁၃ ရက်မှ ဇူလိုင် ၅ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းတက်ရောက်အောင်မြင်ပြီးသူ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်အသီးသီးမှ သံတမန်ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာများ၊ အထွေထွေဗဟုသုတ ဆိုင်ရာများစသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူများက မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ လုံခြုံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများကို အဖွဲ့လိုက် သုတေသနစာတမ်းများ ပြုစုရေးသား၍ ဖတ်ကြားတင်ပြခြင်းများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်