နေပြည်တော် ဇူလိုင် ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပင်းတယမြို့ရှိ ၆၆ ကေဗွီ ပင်းတယဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံရှိ ဝန်ထမ်းများ လိုက်နာလုပ်ဆောင်နိုင်ရေးအတွက် မိမိမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို Single Line Diagram နှင့် ဓာတ်အားခွဲရုံတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(SOP) များကို Vinyl ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြား၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဇွန် ၂၉ ရက်က မဟာဓာတ်အားလိုင်းမှူးရုံး (နမ့်စန်)က တာဝန်ယူထိန်းသိမ်းသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ၁၃၂ ကေဗွီ ကလော- တောင်ကြီး အမှတ်(၁) ဓာတ်အားလိုင်း ကြံ့ခိုင်မှုရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် တိုင်အမှတ် ၉၀ နှင့် ၉၁ အကြားတွင် ကြွေသီးထပ်တိုးတပ်ဆင်ခြင်းနှင့် ကြိုးလွန်းဖွာမှု ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး ထိန်းသိမ်းကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှု၊ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်နေမှုနှင့် ကျောက်မီးသွေးမိုင်းအတွင်း တူးဖော်ထုတ်လုပ်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဓာတ်အားကောက်ခံမှု မှန်ကန်မှုရှိစေရန် မီတာများ လိုဖတ်/ ပိုဖတ် ခြင်းမရှိစေရေးသတ်မှတ်ကာလအတွင်း မီတာများ မှန်ကန်စွာ ဖတ်ရှုမှတ်တမ်းတင်ရန်၊ ဓာတ်အားခများ အပြည့်အဝကောက်ခံရရှိ ရေးအထူးအလေးထားဆောင်ရွက်ရန်၊ ဓာတ်အားခငွေများ မသမာမှုမဖြစ်ပေါ်စေရေးအတွက် နေ့စဉ်ကောက်ခံရရှိမှုနှင့် အပ်နှံမှုစာရင်းကွဲလွဲမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးရန်နှင့် ရပ်/ပျက်/နှေး မီတာများကို ပုံမှန်ကွင်းဆင်းစစ်ဆေးဖော်ထုတ်၍ ဓာတ်အားခဆုံးရှုံးနစ်နာမှုမဖြစ်စေရေး အစားထိုးလဲလှယ်တပ်ဆင်ပေးရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းနေအိမ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်