နေပြည်တော် ဇွန် ၂၆
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လူကုန်ကူးခံရသူများကို လက်ခံစောင့်ရှောက်ရေး ဂေဟာများ၏ ဝန်ဆောင်မှုများသည် နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်ရန် လိုအပ်သောကြောင့် ၎င်းစံနှုန်းများကို အခြေခံ၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဝန်ဆောင်မှုများဖြစ်စေရေး ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ၎င်းတို့လိုအပ်ချက်နှင့် ကိုက်ညီပြီး ရေရှည်တည်တံ့နိုင်သော ထောက်ပံ့မှုများပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်း အောင်မြင်သော ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဖြစ်ရန်အတွက် ခွဲခြားဆက်ဆံမှုမရှိစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း။
အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံသစ်များနှင့် လမ်းကြောင်းများကိုသိရှိပြီး ထိရောက်သည့်တားဆီး ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီမှ ဆက်လက်အကောင်အထည်ဖော်ရမည့် ၂၀၂၄ ခုနှစ် လုပ်ငန်း စီမံချက်ပါလုပ်ငန်းများကို ကျန်ရှိသည့် ခြောက်လတာကာလအတွင်း ရာနှုန်းပြည့်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ချက်၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြပြီး အစည်းအဝေးဆုံးဖြတ်ချက် ၁၄ ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်