သာပေါင်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း ငါးရစ်ငါးသန်ကာလ တရားမဝင်ငါးဖမ်းဆီးမှုမရှိစေရေး၊ ငါးသယံဇာတပေါများစေရေး၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရေး၊ ပြည်သူများငါးရိက္ခာဖူလုံစေရေး၊ ဒေသနေပြည်သူများ အသိပညာတိုးပွားစေရေးနှင့် သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးရည်ရွယ်၍ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၇ နာရီက သာပေါင်းမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း လွတ်လပ်ရေးပန်းခြံတွင် စိုက်ထူခဲ့သည်။
အဆိုပါအခမ်းအနားသို့ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့်ဝန်ထမ်းများတက်ရောက်ကြပြီး သာပေါင်းမြို့ သီရိရွှေသာစျေးအတွင်း၌ စျေးဝယ်လာသူများနှင့် စျေးသည်များအား ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်းစဉ်