နေပြည်တော် ဇွန် ၂၆
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တွင် ရောက်ရှိလေ့လာနေကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ကြည်စွာ ဆက်သွယ်နိုင်ရေးအတွက် Address Book များကိုလည်းကောင်းပေးအပ်ကြရာ ယွန်းပညာကောလိပ် (ပုဂံ) နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပလျက်ရှိသော မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) သို့သွားရောက်ပြီး ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသ ထားသော ပြခန်းများကိုလည်းကောင်း၊ Section-3 တွင်ပြုလုပ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ပါမောက္ခ ဒေါက်တာချောအိအိထွန်းတို့၏ တီထွင်ဆန်းသစ်မှုသို့ ဦးတည်သောသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် စာတမ်းဖတ်ပွဲကိုလည်းကောင်း၊ Section-5 တွင်ပြုလုပ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ပါမောက္ခ ဒေါက်တာသိင်္ဂီညို၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ဖြစ်ထွန်းလာရေး ခေါင်းစဉ်ဖြင့်ကျင်းပသည့် စာတမ်းဖတ်ပွဲကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် အဆိုပါလေ့လာရေးအဖွဲ့သည် လေ့လာရေးခရီးစဉ်ပြီးဆုံးပြီဖြစ်၍ မိမိတို့၏ ကောလိပ်နှင့် သိပ္ပံများသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိသည်။
သတင်းစဉ်