Skip to main content

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၆

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဟန်ချက်ညီဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဆောင်ရွက်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် သတ်မှတ်အတည်ပြုခဲ့ပြီးဖြစ်၍ စံချိန်စံညွှန်းပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ရရှိလာနိုင်စေရေးအတွက် ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည် ဖော်သွားနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူက ဆွေးနွေးတင်ပြပြီး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုနှင့် စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆုံးဖြတ်ချက်များ ချမှတ်

ထို့နောက် တက်ရောက်လာသူများကကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြကြပြီး ဆုံးဖြတ်ချက်များချမှတ်ကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်