နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်သည့် အသက် ၁၅ နှစ်အောက် ကလေးငယ်များကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ခြင်းအနေဖြင့် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာအုပ်စု လယ်သာ ကျေးရွာအတွင်းရှိ အဝါရောင် မျိုးဆက်သစ် မိဘမဲ့နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဇွန် ၂၄ ရက် နံနက် ၉ နာရီမှစတင်၍ ကလေးငယ် ၂၂၇ ဦးကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေး ထိုးနှံသည့်နေရာသို့ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက လာရောက်ကြီးကြပ်ခဲ့ပြီး၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးကြသည်။
အဝါရောင် မျိုးဆက်သစ် မိဘမဲ့နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (YGW) အတွင်းရှိ အသက် ၅ နှစ်နှင့် ၁၅ နှစ်ကြား ကလေး ၂၂၇ ဦးကို ကာကွယ်ဆေးများ အထူးအစီအစဉ်ဖြင့် ထိုးနှံပေးရာတွင် ပထမအကြိမ်အဖြစ် ၅.၂.၂၀၂၄ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၁၄.၄.၂၀၂၄ ရက်တွင်လည်းကောင်း ထိုးနှံပေးခဲ့ပြီး ယခုတတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်