နေပြည်တော် ဇွန် ၂၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနအတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၃၆)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးနှင့် ပထမအကြိမ် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားသည်။
ပို့ဆောင်နှုတ်ဆက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါခရီးသွားလုပ်ငန်းဖိုရမ်တွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ တွဲဖက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲ၊ when gastronomy meets the territory Insights by Asia Pacific Destinations နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ FAO Mountain Partnership Project နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အစားအစာထွက်အမှိုက်များ လျှော့ချရန်နှင့် ဒေသထွက်ကုန်များ ပိုမိုသုံးစွဲခြင်းအတွက်ဆွေးနွေးခြင်း၊ အာရှနှင့်ပစိဖိတ်ဒေသရှိ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုများအပေါ် ဆွေးနွေးခြင်းစသည့် အစီအစဉ်များပါဝင်ကြောင်း သိရသည်။
သတင်းစဉ်