Skip to main content

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျွမ်းကျင်မှုသင်တန်းများနှင့် ပုဂ္ဂလိက သက်မွေးသင်တန်းကျောင်းများ ကြည့်ရှုအားပေး

ရန်ကုန် ဇွန် ၂၄

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ကျင်းပသည့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် လေအေးပေးစက်ပြုပြင်တပ်ဆင် ခြင်းသင်တန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးကသင်တန်းဆင်းများအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိတို့လူနေမှု ဘဝတိုးတက်မြင့်မားစေနိုင်သည်ကို လုပ်အားဖြင့်သက်သေပြရန်နှင့် CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်ရှိ National Management Academy နှင့် ဗဟန်းမြို့နယ်ရှိ Shin Rai International Vocational Institute သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့်အခက်အခဲများကို ကောင်းစွာဖြေရှင်းပေးနိုင်ရေး အသုံးချစေလိုကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် ကျွမ်းကျင်လုပ်သားများ၏စွမ်းဆောင်မှုသည် များစွာအရေးပါသဖြင့် သင်တန်းဆင်းပြီးသည်နှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာပြီး အလုပ်ရှင်မှ အားကိုးယုံကြည်မှုရရှိရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်