နေပြည်တော် ဇွန် ၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက် (၉) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ပထမအကြိမ်မြန်မာနိုင်ငံ လုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကို “အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ယမန်နှစ်က အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ကြာင်း။
ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း။
ယခုကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဖြင့် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျင်းပနိုင်ရန်အတွက် နေပြည်တော်ကောင်စီအပါအဝင် ဝန်ကြီးဌာန ၁၃ ခုမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများပါဝင်သော ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခု တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီများကလည်း ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ပြီးစီးပြီဟုသိရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်အခြားဝန်ကြီးဌာနများက နယ်ပယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပညာရေးညီလာခံသည်လည်း ဆက်စပ်ဝန်ကြီးဌာနများအားလုံးနှင့် သက်ဆိုင်သည်ကို သတိပြုစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း။
ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာ၊ ဆရာအတတ်ပညာနှင့်သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေးအာမခံမှုဆိုသည့် ကဏ္ဍသစ်တစ်ခုကိုထပ်တိုးထားသည့်အတွက် စုစုပေါင်းကဏ္ဍ ၆ ခုရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် စာတမ်း ၆ ခုစီကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း စာတမ်းအလိုက်၊ ဆွေးနွေးမှုများအလိုက် ဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာသည်အထိ အထူးအလေးထား ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ကဏ္ဍ ၅ ခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ပြီး ယခုနှစ်မှာ ကဏ္ဍ ၆ ခုအတွက် စာတမ်း ၃၆ စောင် ဖတ်ကြားသွားမည်ဖြစ်သည့်အတွက် စာတမ်းအရေအတွက် နည်းခြင်းများခြင်းထက် ရလဒ်ကောင်းများရရှိနိုင်ရေး ဦးတည်ရန်ကိုလည်း တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် သုံးသပ်ချက်များအား အကောင်အထည်ဖော်ဆောင်ရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ဆောင်ရွက်ဆဲလုပ်ငန်းများရှိနေသကဲ့သို့ ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည်သုံးသပ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ယခင်နှစ်ညီလာခံကဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ဝန်ကြီးဌာနများအလိုက် သုံးသပ်ချက်များကိုလည်း အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ရရှိပြီးအောင်မြင်မှုများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန် ကဏ္ဍအလိုက် ရေတိုရေရှည်အစီအမံများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပညာရေးညီလာခံက နိုင်ငံ၏အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့်အဖြေများ၊ ကောင်းမွန်သည့် အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အထောက်အကူပြုမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ပညာရေးအဆင့်အတန်း တိုးတက်လာရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်း တက်ရေးနှင့် KG+9 ပြီးမြောက်ရေးဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့ငွေများချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်စေခြင်း၊ စာတတ်မြောက်သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သောအလေ့အထတိုးပွားလာ အောင်ဆောင်ရွက်ပေးနေခြင်းတို့သည် ထင်ရှားသည့်သာဓကများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အားထုတ်မှုသာမက ပြည်သူအားလုံးက ပညာ၏တန်ဖိုးကို သိရှိပြီး အားထုတ်ခြင်းကသာ နိုင်ငံ၏ပညာရေးရည်မှန်းချက်ကို အောင်မြင်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင် ကောင်းမွန်စေရန်အတွက် ယခုကဲ့သို့ ပညာရေးညီလာခံကြီးကို ကျင်းပဆောင်ရွက်ပေးနေခြင်းဖြစ်၍ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေးကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုရေးကဏ္ဍ နယ်ပယ်အသီးသီးတွင် မူလအခြေအနေကထက်ပင် ပိုမို၍အဆင့်အတန်း မြင့်မားတိုးတက်လာစေရေး ဆောင်ရွက်ရမည်” ဟု လမ်းညွှန်မှာကြားထားသည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်အရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း မိမိတို့တာဝန်ယူရသည့်ကဏ္ဍများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
ပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုဦးစီးကော်မတီအစည်းအဝေးမတိုင်မီ ပညာရေးဝန်ကြီးဌာနက အကြိုညှိနှိုင်းအစည်းအဝေး ၄ ကြိမ် ခေါ်ယူဆွေးနွေးခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးများတွင် ပညာရေးနှင့်ဆက်စပ်ဝန်ကြီးဌာနများက စာတမ်းခေါင်းစည်များရွေးချယ်ခြင်း၊ ဝန်ကြီးဌာနများအလိုက် စာတမ်းဖတ်ကြားရေး၊ ပြခန်းပြသရေးစသည့် တာဝန်များခွဲဝေဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်ဟုသိရှိရကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄) အတွက် Theme Song ရေးစပ်ရာတွင်လည်း ညီလာခံ၏ဦးတည်ချက်ကို အနှစ်သာရပေါ်လွင်အောင်စပ်ဆိုရန် တိုက်တွန်းလိုကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄) က ထွက်ပေါ်လာမည့် ရလဒ်များသည် မြန်မာနိုင်ငံပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူဖြစ်စေနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးက ကျရာကဏ္ဍ၊ ကျရာတာဝန်ကို ကျေပွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး (၁) ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းထားရှိမှု၊ ကော်မတီများဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပညာရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေးဆပ်ကော်မတီ၊ ပြခန်များခင်းကျင်း ပြသရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) အောင် မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အစည်းဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။