အသက် ၆၀ နှစ်ပြည့်သည်နှင့် သက်ကြီးပုဂ္ဂိုလ်ဖြစ်ပြီဟူ၍ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည်။ သာမန်အားဖြင့် အသက် ၆၀ အရွယ်သည် အငြိမ်းစားယူကြရသည့်အရွယ်ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အငြိမ်းစားယူရသည့်အရွယ်သတ်မှတ်ချက်တို့ မတူညီကြဘဲကွာခြားကြသည်။ မိမိတို့နိုင်ငံတွင် အငြိမ်းစားယူသည့်အရွယ်သည် ၂၀၂၂ ခုနှစ်မှစ၍ ၆၂ နှစ်ဖြစ်လာခဲ့ပြီး ယင်းမတိုင်မီက အသက် ၆၀ တွင် အငြိမ်းစားယူခဲ့ကြရခြင်းဖြစ်သည်။
စင်စစ်ကြီးရင့်ခြင်းဖြစ်စဉ်သည် မည်သူမျှရှောင်လွှဲ၍မရနိုင်သော သဘာဝဖြစ်စဉ်ပင်ဖြစ်ပြီး သန္ဓေသားဘဝစတင်ပြီဆိုကတည်းကပင် အဆက်မပြတ် တရစပ်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အမိဝမ်းမှကျွတ်ကာ မွေးကင်းစမှသည် ကလေးဘဝ၊ သူငယ်ဘဝ၊ လူငယ်ဘဝ၊ လူရွယ်ဘဝ၊ လူလတ်ဘဝ၊ လူကြီးဘဝ၊ လူအိုဘဝစသည်တို့မှာ မျက်မြင်တွေ့ရှိနိုင်သည့် ကြီးရင့်ခြင်းဖြစ်စဉ်ဖြစ်ပြီး လူ့ဘဝတွင် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်သည်နှင့်အမျှ သက်ကြီးပုဂ္ဂိုလ်ဘဝသို့ရောက်ကြရသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း လူနေမှုဘဝပုံစံများ တိုးတက်ပြောင်းလဲလာခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာများ ပိုမိုသိရှိနားလည်လာကြပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများကို ပိုမိုကျင့်သုံးလာခြင်း၊ ဆေးဝါးများနှင့် ဆေးကုသမှုနည်းပညာများ တိုးတက်မြင့်မားလာခြင်း စသည့်အခြေခံအကြောင်းရင်း များကြောင့် လူတို့၏သက်တမ်းများ ပိုမိုရှည်လာပြီး သက်ကြီးပုဂ္ဂိုလ် အရေအတွက်မှာလည်း ပိုမိုတိုးတက်လျက်ရှိသည်။
ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင် အသက် ၆၀ နှစ်နှင့်အထက် လူဦးရေသည် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ၁၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် ၂၂ ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံတွင်လည်း သက်ကြီးပုဂ္ဂိုလ်များ အရေအတွက်မြင့်တက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၁၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့လူဦးရေ၏ ၁၃ ဒသမ ၂ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၇ ဒသမ ၉ သန်းအထိ တိုးတက်များပြားလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသည့် အာဆီယံနိုင်ငံများ၏ သက်ကြီးရွယ်အိုဆိုင်ရာ ကြေညာစာတမ်းတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါကြေညာစာတမ်းအရ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာလိုအပ်ချက်များကို အရေးတယူဖြည့်ဆည်းပေးသွားကြရန်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၂ (က) တွင်လည်း နိုင်ငံတော်သည် အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟူ၍ ပြဋ္ဌာန်း ထားသည်။ အဆိုပါပြဋ္ဌာန်းချက်အရ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရန် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၄) အဖြစ် ပြဋ္ဌာန်းပေးခဲ့သည်။
သက်ကြီးပုဂ္ဂိုလ်များသည် အလုပ်လုပ်နိုင်သည့်အရွယ်ကုန်ဆုံး ကျော်လွန်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ခွန်အားကောင်းသည့်အရွယ်၊ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားဆောင်ရွက်နိုင်သည့်အရွယ်တွင် နိုင်ငံ့တာဝန်၊ မိသားစုတာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ အများအကျိုးဆောင်ရွက်ခဲ့ကြသူများ၊ အိမ်ထောင်စုကိုထိန်းကျောင်းခဲ့ကြသူများ၊ အိမ်ထောင်အကြီးအကဲများစသည်ဖြင့် ဘဝကိုဖြတ်သန်းခဲ့ကြသူများဖြစ်သည်။ နိုင်ငံတွင် သက်ကြီးပုဂ္ဂိုလ်များ တိုးတက်များပြားလာခြင်းသည် နိုင်ငံအတွက် စိန်ခေါ်မှု၊ ဝန်ထုပ်ဝန်ပိုးတစ်ရပ်အဖြစ် မမှတ်ယူဘဲ လူ့ဘောင်အသိုက်အဝန်းအတွက် အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေသူများအဖြစ် အသိအမှတ်ပြုရန်လိုသည်။ သက်ကြီးရွယ်အိုများသည် ပြုစုစောင့်ရှောက်မှုကို ခံယူသူများဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းအတွက် တက်ကြွစွာပါဝင်ကူညီနိုင်သူများဖြစ်သည်ကိုလည်း ဂရုပြုကြရမည်ဖြစ်သည်။ ထို့အပြင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ ငွေကြေးဖူလုံမှုနှင့် ကောင်းမွန်စွာရှင်သန်ရပ်တည်နိုင်ရေးတို့ကို အလေးအနက်ဆောင်ရွက်ပေးကြရန် “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” ကို ဂုဏ်ပြုသောအားဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။